မင်းရဲ့ ကျေးကျွန်အဖြစ်နဲ့
ငါ့မှာ ဘာများလုပ်စရာ ရှိလို့လဲ၊
နာရီတိုင်း အချိန်တိုင်း မင်းရဲ့
လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့က လွဲရင်လေ၊
ငါ့မှာ အဖိုးတန်တဲ့ အချိန်ရယ်လို့
ဖြုန်းတီးပစ်စရာ နတ္ထိပါပဲ၊
လုပ်စရာလည်း မရှိပါဘူး၊
မင်း လိုအပ်တဲ့အချိန်ထိပေါ့လေ။
အဆုံးနာရီမရှိတဲ့ ကမ္ဘာကြီးရယ်လို့
မကျေမချမ်းလည်း မဖြစ်ဝံ့ပါဘူး၊
ငါ့မင်း ငါ့ချင်း ငါက မင်းအတွက်
နာရီကို စောင့်ကြည့်နေရခိုက်မှာလေ၊
ခွဲခွာခြင်းရဲ့ ရင်နာစရာတွေကိုလည်း
ခါးသည်း နာကျည်းစွာ တွေးတော မနေခဲ့ပါဘူး၊
မင်းရဲ့ လက်ပါးစေကို
မင်းက နှုတ်ဆက်စကား ပြောသွားခဲ့စဉ်မှာလေ။
သဝန်တိုအတွေးနဲ့ မေးလဲမမေးရဲ့ခဲ့ပါဘူး၊
မင်းဘယ်မှာလဲ ဘာကိစ္စလဲ ဆိုတာတွေကိုလေ၊
ဝမ်းနည်းနေတဲ့ ကျွန်တစ်ယောက်လို ထားရာမှာ နေပြီး၊
ဘာမှ မတွေးပါဘူး၊
မင်းဘယ်မှာလဲ ဘယ်လောက်စိတ်ချမ်းသာနေသလဲ
ဆိုတာတွေက လွဲရင်ပေါ့လေ။
အချစ်ဆိုတာ တကယ်မိုက်မဲတဲ့အရာတစ်ခုပဲ၊
မင်းရဲ့ စိတ်ထဲမှာလေ၊
မင်းဘာပဲလုပ်နေနေ၊
သူကတော့ဖြင့် အပြစ်မမြင်နိုင်ပေ။